စျေးနှုန်းပြိုင်ဆိုင်မှု (price war) မှာ ဟိုက လျှော့၊ ကိုယ်က မလျှော့နိုင်နဲ့ဆို လုပ်ငန်းဆက်လုပ်ဖို့ ခက်လာတတ်တယ်။ ဥပမာတစ်ခု ပေးမယ်။ ခင်ဗျားကို လူသိများတဲ့ ဘဏ်တစ်ခုရဲ့ နာမည် ပေးမယ်။ နာမည်ပဲ ပေးမှာနော်။ အဲဒီနာမည်နဲ့ အလုပ်ကို သုညက စလုပ်ရမယ်။
လူသိပြီးသား နာမည်ကို ယူမလား၊ ကိုယ့်ဘာသာ နာမည်အသစ်တစ်ခု ထောင်မလား။ လူသိပြီးသား နာမည်ကို ယူမယ်ဆို ဘယ်လောက်တန်ဖိုးဖြတ်မလဲ။ မိတ်ဆွေ စိတ်ထဲက ဘဏ်ကို စဉ်းစားကြည့်ပေါ့။ အဲဒါက brand value ကို စဉ်းစားကြည့်နိုင်တဲ့ နည်းတစ်ခုပဲ။
နာမည်ကောင်းနဲ့ ဖောက်သည်ယုံကြည်မှု
သေချာ စဉ်းစားကြည့်ကြပါ။ ဝင်ငွေ ဘယ်လောက်တိုးအောင် လုပ်မလဲဆိုတာကိုပဲ အဓိက တွေးနေတာ ဟုတ်တယ်မလား။ Brand value တက်အောင် ဘာလုပ်မလဲလို့လည်း စဉ်းစားဖို့ လိုပါတယ်။
ဈေးနှုန်း သိပ်မကွာတော့တဲ့အခါ ဖောက်သည်က ဘယ်အမှတ်တံဆိပ်ကို ပိုယုံကြည်လဲဆိုတာ ကြည့်တတ်တယ်။ LV လို အမှတ်တံဆိပ်မျိုးကို ပိုဈေးပေးပြီး ဝယ်ချင်တာလည်း ဒီသဘောပဲ။
မျိုးဆက်လိုက် လုပ်လာတဲ့ လုပ်ငန်းဆိုရင်တောင် ကိုယ့်အမှတ်တံဆိပ်ကို ကြိုက်လို့ လူတွေ ဝယ်နေတာလား၊ ရွေးစရာ သိပ်မရှိလို့လားဆိုတာ မေးကြည့်ပါ။ သင်သုံးနေကျ ဆပ်ပြာမှုန့် brand နာမည်ကို သီးသန့်ရောင်းမယ်ဆို သင် ဘယ်လောက်ပေးဝယ်မလဲ။
ငါ့လုပ်ငန်း ရောင်းဖို့မှ မဟုတ်တာလို့ ပြောမယ်ပေါ့။ ဟုတ်ကဲ့။ မရောင်းလည်း နာမည်ကောင်းနဲ့ အမှတ်တံဆိပ်တန်ဖိုး တည်ဆောက်တာက လုပ်ငန်းကြီးထွားဖို့ အကျိုးရှိပါတယ်။ သိသလောက် အကြံပေးပါရစေ။
အမှတ်တံဆိပ်တန်ဖိုး တိုင်းတာနည်းများ
Brand value ကို ဘာနဲ့ တိုင်းသလဲဆိုရင် -
စားသုံးသူ ကြိုက်နှစ်သက်မှု
ဝန်ဆောင်မှု တစ်ခုပဲ ဖြစ်ဖြစ် သုံးကုန် စားသုံးကုန် တစ်ခုပဲ ဖြစ်ဖြစ် သုံးလို့ ကောင်းမကောင်း ဆိုတာ စားသုံးသူက သတ်မှတ်ပေးတယ်။ အကဲဖြတ်ပေးတယ်။
ဒါကို တိုင်းတာချင်ရင် ကိုယ့်စားသုံးသူတွေကို မေးမြန်းစစ်တမ်း ကောက်လို့ရတယ်။ ကိုယ့်ဖောက်သည်တွေချည်း မဟုတ်ဘဲ ကိုယ့်ဈေးကွက်ထဲက အခြားစားသုံးသူတွေ ကို survey လုပ်ပြီး သူများဟာနဲ့ ကိုယ့်ဟာ ယှဉ်ခိုင်းလို့ရတယ်။
small business အနေနဲ့ မလုပ်နိုင်ရင် နီးစပ်ရာ သူငယ်ချင်းတွေ ကိုယ့်ဖောက်သည်တွေကိုပဲ ပြန်မေးကြည့်ပေါ့။ ငါ့ကုန်ပစ္စည်းကို ဘယ်လိုမြင်လဲလို့ မေးကြည့်ပါ။
အခြားရှာပျင်းလို့သာ ရွေးစရာမရှိလို့သာ သုံးနေရတာဟေး လို့ ဖြေရင် သွားပြီ။ မိတ်ဆွေရဲ့ brand သူများနဲ့ မထူးမခြားနားပါဘူး။
အထပ်ထပ်အခါခါ ပြန်လာမှု
Repeat customer လို့ခေါ်တဲ့ ထပ်ခါထပ်ခါ ပြန်လာဝယ်သူနှုန်းကိုလည်း ကြည့်သင့်တယ်။ ဥပမာ တစ်လမှာ ကိုယ့်ပစ္စည်းဝယ်သူ ၁၀ ယောက်ထဲက ၆ ယောက် ပြန်လာပြီး သူများဆီမှာ ၈ ယောက် ပြန်လာတယ်ဆိုရင် ဘာကြောင့် ကွာလဲဆိုတာ ကြည့်ပါ။ တူညီတဲ့ကာလနဲ့ ဖောက်သည်အုပ်စုမျိုးကို ယှဉ်ရင် ပိုအဓိပ္ပာယ်ရှိမယ်။
Brand အပေါ် သစ္စာရှိမှု
ဘာအရည်အသွေးမှ မပြောင်းဘဲ ဈေးတင်လိုက်ရင် ကိုယ့်ဖောက်သည်တွေ ပြန်လာသေးလား။ ရောင်းအား ဘယ်လောက် ပြောင်းသွားလဲပေါ့။ ဝယ်ဖူးသူ ၁၀ ယောက်ထဲမှာ ဈေးတင်လိုက်တာတောင် ၁၀ ယောက်လုံး ပြန်လာတယ်ဆိုရင် သင် အိပ်မက်မက်နေတာလား။ :P
တချို့က ဈေးကြောင့် ပြောင်းသွားနိုင်တယ်။ တချို့အတွက်တော့ ယုံကြည်မှု၊ အဆင်ပြေမှု၊ တခြားရွေးစရာ ရှိမရှိဆိုတာတွေလည်း ပါတယ်။ ဒီနှုန်းကို ကြည့်ပြီး ဖောက်သည်တွေ ဘာကို တန်ဖိုးထားလဲဆိုတာ ဆက်မေးကြည့်ပါ။
Brand ကို ထောက်ခံ တိုက်တွန်းမှု
Marketing မှာ Net Promoter Score (NPS) နဲ့ တိုင်းလို့ရတယ်။ ဒီအမှတ်တံဆိပ်ကို သင့်မိတ်ဆွေဆီ ညွှန်းပေးဖို့ ဘယ်လောက် ဖြစ်နိုင်သလဲဆိုတာ ၀ ကနေ ၁၀ အထိ အမှတ်ပေးခိုင်းတာမျိုးပေါ့။
၉ နဲ့ ၁၀ ပေးသူ ရာခိုင်နှုန်းထဲက ၀ ကနေ ၆ အထိ ပေးသူ ရာခိုင်နှုန်းကို နုတ်ပြီး NPS တွက်တယ်။ ၇ နဲ့ ၈ ပေးသူတွေကို အဲဒီအုပ်စုနှစ်ခုထဲ မထည့်ပေမယ့် ဖြေဆိုသူ စုစုပေါင်းထဲမှာတော့ ထည့်တွက်ပါတယ်။
Global brand တွေရဲ့ အမှတ်ကို သိချင်ရင် Global brands NPS 2020 လို့ဖြစ်ဖြစ်၊ ကိုယ်ရှာချင်တဲ့နှစ် ထည့်ပြီးဖြစ်ဖြစ် ရှာကြည့်ပါ။ ဖောက်သည်တွေက ကိုယ့်ကို ဘယ်လောက် ညွှန်းပေးချင်ကြသလဲဆိုတာ သိဖို့ နည်းတစ်မျိုးပါပဲ။
အမှတ်တံဆိပ်တန်ဖိုး မြှင့်တင်နည်းများ
အထက်ပါ အချက်တွေကို ရအောင် ဘယ်လိုလုပ်မလဲ။ ရှင်းတယ် လွယ်တယ်။ ဒါပေမယ့် မလုပ်နိုင်ကြသေးတာ တစ်ခုပဲ။
Customer service ကောင်းအောင်လုပ်ပေး
ဒါက ကုမ္ပဏီ အကြီးအသေးပေါ်မူတည်ပြီး လုပ်ရတာ လွယ်တာ ခက်တာ အမျိုးမျိုးကွဲတယ်။ အခြေခံအကျဆုံးကတော့ စကားကို နားဝင်ချိုအောင်ပြောပြီး conversation ကောင်းဖို့ပေါ့။ နောက်တစ်ဆင့်ကတော့ ဝယ်ယူပြီးသူတွေကိုတောင် ဆက်ပြီးတော့ ဝန်ဆောင်မှု ပေးတာမျိုး။
ထုတ်ကုန်၊ ဝန်ဆောင်မှု အရည်အသွေး ကောင်းအောင်လုပ်ပေး
ကိုယ်က ကုန်ပစ္စည်းထုတ်တယ်ဆိုရင် ကုန်ပစ္စည်းကို ကြိုက်နှစ်သက်အောင် ဘာလုပ်ပေးနိုင်မလဲပေါ့။ ကိုယ်က ကိုယ်တိုင်ထုတ်တာ မဟုတ်၊ လုပ်တာ မဟုတ်၊ သွင်းသူ၊ တစ်ဆင့်ရောင်းသူ၊ တစ်ဆင့် ဝန်ဆောင်မှု ပေးသူ ဆိုရင် ဒီထဲမှာလဲ ပြန်ပြီးတော့ differentiate လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
Sex on the beach တို့ Long island တို့ အရသာတူ ရောင်းတဲ့ ဆိုင်ချင်းတူတာတောင် ခွက်မှာ အသီးတပ်ပေးတာနဲ့၊ ထီးသေးသေး ထိုးပေးတာနဲ့ ပြိုင်နေကြတာပဲလေ။ နည်းလမ်းဆိုတာ ရှာရင်တွေ့တတ်တဲ့ သဘောပါ။
လိုချင်တပ်မက်အောင် မာကဲတင်းလုပ်ပေး
ဒါကတော့ အမြင့်ဆုံး အဆင့်ပဲ။ SME တစ်ခုအနေနဲ့ မာကဲတင်း စလုပ်ပြီဟေ့ဆိုရင် ကိုယ့်ကြော်ငြာကို ဘယ်လို ထူးခြားစေမလဲ စဉ်းစားပါ။ ဒါကလဲ တစ်ခေါက် တစ်ခါထဲ မဟုတ်ဘူးလေ။
Online ဆိုရင် ဆိုရှယ်မီဒီယာ၊ ဝဘ်ဆိုက်၊ အပြင်ဆိုရင် သတင်းစာ၊ ဂျာနယ်၊ public relations အနေနဲ့ဆိုရင်လည်း ကိုယ့် brand ကို လူတွေကို ဘယ်လို သတင်းကောင်း ပေးပြီး impress လုပ်လို့ရနိုင်မလဲ။ ကြော်ငြာလို့ပြောလိုက်တာနဲ့ ပိုက်ဆံကုန်မှ ကြော်ငြာ မဟုတ်ပါဘူး။ ပိုက်ဆံမကုန်တဲ့ နည်းလမ်းတွေ အများကြီးပဲ။
SME တွေ အလွယ်ဆုံး လုပ်နိုင်တာကတော့ personal branding ပါပဲ။ ကိုယ်ဟာ ယုံကြည်ဖို့ ကောင်းတဲ့ လူတစ်ယောက်ဖြစ်ပါတယ်ဆိုတာကို ပြသနိုင်ရင် လူတွေက ယုံပြီး ချစ်ပြီး သူတို့လည်း စမ်းသုံးသလို မိတ်ဆွေကိုလည်း recommend ကြတယ်။
ဒီနည်းလမ်းဆိုရင် ပိုက်ဆံမကုန်။ personal branding ကနေ company brand ဘက်ကို profit shift သွားတဲ့ နည်းလမ်း။ ပိုက်ဆံရှိရင်တောင် Under Armour တို့ Nike တို့လို ကြော်ငြာ အလန်းစားတွေ ရိုက်ပစ်ပေါ့။ မာကဲတင်း အကြောင်း ပြောရင် ပြောလို့တောင် မကုန်ပါဘူး။
ဒါကတော့ အပေါ်မှာ အဆင့်တွေ အောင်ပြီးမှ နောက်မှ လုပ်စေချင်တယ်။ ဘာလို့လဲဆို ဝန်ဆောင်မှုမှ မကောင်းဘဲ ကြော်ငြာနေရင် positive mind ကို tackle လုပ်နိုင်မှာ မဟုတ်ပါဘူး။
အနှစ်ချုပ်
မြန်မာပြည်မှာ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ brand တန်ဖိုးမြင့်ပြီး အရှေ့တောင် အာရှအထိ ထိုးဖောက်တာ၊ ကမ္ဘာကို ထိုးဖောက်တာမျိုးအထိ မြင်ချင်ပါတယ်ဗျာ။ လက်ရှိ ရှိနေတဲ့ ရနေတဲ့ ဝင်ငွေ၊ စည်းစိမ်၊ အခြေအနေအပေါ် မရောင့်ရဲကြပါနဲ့လို့။
ခုနေ ကိုယ့် ကုန်အမှတ်တံဆိပ်ကို လူစိမ်းတစ်ယောက်ကို တန်ဖိုးဖြတ်ခိုင်းတယ် ဆိုပါစို့။ သူ ဘယ်လောက်နဲ့ တန်ဖိုးဖြတ်မလဲ။ ဒီမေးခွန်းလေးကို ကိုယ့်ကို ပြန်မေးကြည့်ကြပါလို့ အတွေးလေး ပေးရင် နိဂုံးချုပ်လိုက်ပါတယ် ခင်ဗျာ။
#business #marketing #brandvalue