တစ်ချိန်တုန်းက ကိုယ်တွေ Vine စမ်းသုံးခဲ့တယ်။ လွယ်ယောင်ထင်ရပေမယ့် သိပ်အဆင်မပြေခဲ့ဘူး။ ကင်မရာရိုက်တဲ့ ခလုတ်လေးကို ဖိထားပြီးတော့ ရပ်လိုက်၊ ဆက်ရိုက်လိုက်နဲ့။ တင်ပြီးတော့လည်း ဘယ်လိုရှဲရမလဲ သေချာရှာရ။

အခုတော့ Vine က သင်ပေးခဲ့တဲ့ အခြေခံလေးတွေ ရှိထားတော့ TikTok က ခက်တော့ဘူး။ TikTok ဆိုတာ Vine ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်တယ်။

ဗီဒီယိုဖန်တီးရတာ ပိုလွယ်လာပုံ

ဥပမာ ဖန်တီးသူဘက်က ကြည့်မယ်ဆိုရင်လည်း အရမ်းလွယ်တယ်။ လုံးဝမဆော့တတ်ရင်တော့ သီချင်းနောက်ခံလေးဖွင့်ပြီး စကားလိုက်ပြောမလား၊ ကမလားပေါ့။ တကယ့် ဂျွတ်စဘွတ်တွေကတော့ effect တွေ transition အဝင်အထွက်တွေနဲ့ အသေကြမ်းတာ။

ဒါပေမယ့် ကိုယ်တကယ် follow ထားတဲ့အကောင့်တွေကို ရေတွက်ကြည့်ရင် talent ကြမ်းတဲ့သူတွေထက် ရုပ်လှသူတွေ ပိုများတယ်။ ဟီးဟီး။

TikTok မှာ ဘာတွေ ပိုပေါ်လာလဲ

TikTok ရဲ့ algorithm က ကြည့်ရှုသူ အကြည့်များတဲ့ ဗီဒီယိုအမျိုးအစားကို ဦးစားပေးပြတယ်လို့ ကြားဖူးတယ်။ တကယ်တမ်း ကိုယ် follow တာက ခပ်ချောချော အကောင့်တွေများပေမယ့် talent ပြတဲ့ ဗီဒီယိုတွေပဲ ပိုတွေ့နေရတယ်။ ဟင်းချက်တာတွေ၊ ကျွမ်းထိုး၊ ခုန်ချတာတွေ၊ အကအကွက်ဆန်းတွေ၊ ဟာသတွေ စုံလို့။

ကိုယ့် feed မှာတော့ follow လုပ်ထားတဲ့ အကောင့်တွေနဲ့ For You မှာ တွေ့ရတဲ့ ဗီဒီယိုတွေက မတူကြဘူး။ Follow လုပ်ထားသူတွေကိုတော့ Following tab မှာ သွားကြည့်လို့ရတယ်။

new update မှာကျ ကိုယ်အကြည့်များတာကို ပြတယ်။ တစ်လောကဆို ဝင်းဦးနောက်ခံအသံနဲ့ လုပ်တဲ့ ဗီဒီယိုလေးအချို့ ကြည့်မိတာ အဲဒီအသံကို လိုက်တုပြီး သရုပ်ဆောင်တဲ့ မြန်မာဗီဒီယိုချည်း တွေ့ရတော့တယ်။

ကိုယ့် feed မှာတော့ Like သိပ်မရသေးတဲ့ ဗီဒီယိုလေးတွေလည်း ကြားညှပ် တွေ့ရတယ်။ ကိုယ်တွေကတော့ Like များမှ ကြည့်တော့တယ်။ တော်ရုံဘယ်လောက်လှပြီး ကပြနေနေ Like ငါးထောင်အောက်ဆို skip ပဲ။

TikTok အကြောင်းပြောပြချင်တာ မဟုတ်ပါဘူး။ သူ့ကို အသုံးပြုတဲ့ user တစ်ယောက်အနေနဲ့ ပြောပြပါတယ်။ ကိုယ်မြင်ရသလောက် TikTok သုံးသူတွေထဲမှာ ကြည့်သူကနေ ဖန်တီးသူဖြစ်လာတဲ့သူတွေ များလာတယ်။ App ကြီးထွားလာပုံက ကြောက်ခမန်းလိလိပဲ။

နည်းပညာထုတ်ကုန်တွေ ဘယ်လိုပြောင်းလဲနိုင်လဲ

၂၀၂၀ တုန်းက Facebook ပေါ်မှာ လူတွေ သုံးစွဲတဲ့အချိန် ပြောင်းလဲလာတယ်ဆိုတဲ့ ဆောင်းပါးတွေ ဖတ်မိတယ်။ လူတွေ တစ်နေ့တခြား အချိန်နည်းနည်းစီ လျှော့သုံးလာရင် Facebook အတွက် ဘာအကျိုးသက်ရောက်မလဲလို့ စဉ်းစားမိတယ်။

Vine ကိုလည်း အောင်မြင်မယ် ထင်ခဲ့တာ။ ပျောက်သွားတယ်။ ဘာကို ပြနေတာလဲဆိုတော့ နည်းပညာထုတ်ကုန်လောကမှာ ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ပဲ။ နည်းပညာပစ္စည်း ထုတ်သူတွေအနေနဲ့ လုပ်ရမယ့်အရာလေးတွေ ရှိတယ်။

လိုအပ်ချက်နဲ့ ထုတ်ကုန်ရဲ့ ထူးခြားချက်

အတောမသတ်နိုင်တဲ့ လိုအင်ဆန္ဒဆိုတာ လူတိုင်းမှာ ရှိပါတယ်။ တရားပေါက်ပြီး တရားပဲထိုင်ချင်ပါတယ်ဆိုတဲ့ လူပုဂ္ဂိုလ်တောင် နားအေးပါးအေး ရှိပြီး ထိုင်လို့ အဆင်ပြေတဲ့နေရာကို လိုချင်တဲ့ လိုအင် ရှိသေးတာပဲ။

ဒီလိုပဲ နည်းပညာပစ္စည်းကို နေ့စဉ်ထိတွေ့နေတဲ့ လူသားတိုင်းမှာ အတောမသတ်နိုင်တဲ့ လိုအပ်ဆန္ဒရှိပါတယ်။ ဒါကြောင့်လဲ DSLR မလိုအပ်တော့မယ့် ကင်မရာဖုန်းအနာဂတ်ကို လိုချင်နေကြတယ်။ လက်မှာကိုင်ထားတဲ့ လက်တစ်ဖဝါးစာ ဖုန်းလေးတောင် 4K လိုချင်နေပြီ။ တကယ်ပဲ 4K လိုအပ်လားပေါ့။ ထားပါ။

Instagram မှာဆိုရင် ပုံကို filter အမျိုးမျိုးလုပ်ပြီး တင်လို့ရတာကြောင့် ပုံတိုင်းက အနုပညာဆန်နေပြီး ကြည့်လို့ စိတ်ချမ်းသာတယ်။ Instagram ရဲ့ camera mood တွေကို လေ့လာကြည့်ပါ။ အားလုံးက စိတ်ကို relax ဖြစ်စေတဲ့ color တွေနဲ့ပဲ combination လုပ်ထားတယ်။

ပုံမှန်ဒါမျိုးပြင်ချင်ရင် အရင်တုန်းက Leica တို့လို ကင်မရာနဲ့ ရိုက်မှာလား၊ ရိုးရိုးနဲ့ ရိုက်ပြီး Photoshop ထဲ ထည့်မှာလား၊ တစ်ခါရိုက်၊ ပုံတစ်ခါထွက်ကင်မရာပဲ သုံးမလားပေါ့။ အမျိုးမျိုး။

ဒီလို category တစ်ခုက experience ပေါင်းစုံကို service တစ်ခုထဲမှာ ထည့်ပေးလိုက်တဲ့အခါ လူတွေ စုပြုံပြီး ရောက်လာပါလေရော။ ဒါကို Unique selling point ဖန်တီးခြင်းလို့လဲ မြင်နိုင်တယ်။

Facebook ရဲ့ unique selling point က ဘာလဲလို့ ကိုယ့်ကို ပြန်မေးကြည့်။ Photo လား၊ No. ဗီဒီယိုလား YouTube ကို မမီနိုင်၊ ဂိမ်းလား Family Game, Arcade Game ကို HTML5 နဲ့ ရေးထားတဲ့ အသေးလေးတွေ graphic gaming experience ပေးတဲ့ ဂိမ်းတွေနဲ့ မယှဉ်နိုင်။

သူငယ်ချင်းတွေ ရှိလို့ သူတို့ ဘာလုပ်နေလဲဆိုတာကို သိဖို့ ဆိုတဲ့ connecting people ကပဲ အဓိက USP ဖြစ်နေတယ်။

ဒါပေမယ့် တစ်နေ့ကျ ဒီလူတွေ Facebook ကို စွန့်ခွာသွားရင် ဘယ်လို လုပ်မလဲပေါ့။ ဒါကြောင့် လူတွေရဲ့ လိုအပ်ချက်ဟာ နေ့စဉ်ပြောင်းလဲနေပြီး အဲဒီလိုအပ်ချက်ကို ကိုယ်အရင် သိထားဖို့ လိုအပ်တယ်။

TikTok သုံးတော့ ဗီဒီယိုတိုတိုလေးတွေ ဆက်တိုက်ကြည့်ဖြစ်တယ်။ ကိုယ်တိုင်လည်း တိုတိုလေး ဖန်တီးကြည့်လို့ရတယ်။ Vine တုန်းကလည်း ဗီဒီယိုတိုတာပဲ။ ကျွန်တော် စမ်းသုံးခဲ့သလောက်တော့ TikTok မှာ ဖန်တီးဖို့ feature ပိုစုံတယ်။ နောက်ဆို ဘယ်လိုပုံစံတွေ ထပ်ပေါ်မလဲ။ ဘယ်သူ သိနိုင်မလဲ။

VR၊ AI နဲ့ ဖန်တီးနိုင်ခြေ

လူတိုင်း အလကားရရင် သွားစရာမရှိလည်း လေယာဉ်တောင် စီးချင်နေတာ။ တစ်နေ့ကျ virtual reality လို့ခေါ်တဲ့ VR ကို ဒေါ်လာ ၁၀၀ အောက်နဲ့ ခံစားခွင့်ရမယ်ဆိုရင် interact လုပ်ခွင့်ရမယ်ဆိုရင် ယနေ့ခေတ် 2D platform တွေ ပျောက်ဖွယ်ကိန်းရှိတယ်။

PUBG လိုဂိမ်းတောင် VR ထဲ ဝင်ပစ်ရမယ့် option နှစ်မျိုး စိတ်ကူးကြည့်လို့ရတယ်။ တစ်ခုက ကိုယ့်အခန်းလေးထဲမှာ မျက်မှန်တပ်ပြီး ဆော့၊ နောက်တစ်ခုက ထိုင်လျက်သား ဆော့ပေမယ့် ၃၆၀ ဒီဂရီကို ကြည့်ပြီး ဆော့နိုင်တဲ့ experience မျိုး။

Ready Player One က အနာဂတ်မှာ ဖြစ်လာနိုင်တာကို ချပြနိုင်တဲ့ ဥပမာကောင်း ရုပ်ရှင်တစ်ခုပဲ။ ဖုန်းနဲ့ ဆော့ရတဲ့ ဂိမ်းကလဲ အားကစားတစ်ခုဖြစ်လာပြီဆိုတာ အသက် ၅၀ နောက်ပိုင်း ရွာက၊ နယ်က လူကြီးတွေကို ရှင်းပြရတာ ခက်သွားပြီ။

Programming language တွေ အသစ်ပေါ်တယ်။ AI ဆိုတာချည်းသာ ဥာဏ်ရည်အရမ်းမြင့်သွားရင် လူအစား ထိုးမယ့် အလုပ်တွေ အများကြီး ဖြစ်လာပြီ။ ဒါကလည်း WALL·E ဇာတ်ကားထဲက ပြထားသလို လူတွေ လှုပ်ရှားသွားလာမှု လျော့နည်းပြီး အားလုံး overweight ဖြစ်မယ့်ကိန်းလဲ တကယ်ဖြစ်နိုင်တာပဲ။

TikTok တုန်းက transition တွေတစ်ခုပြီး တစ်ခုရိုက်ဖို့ တော်ရုံ သာမန်လူတွေ မဖန်တီးနိုင်ဘူး။ ခုနေ software တစ်ခုက လူကို အဆင့်ဆင့် အသံနဲ့ လမ်းညွှန်ပေးပြီး ဗီဒီယို ထွက်အောင် ဖန်တီးနိုင်တယ်ဆိုရင် TikTok ဘယ်ကို ရောက်သွားမလဲ။

Green screen မလိုဘဲ အနောက်က display နဲ့အရှေ့က ကိုယ့် object ကို layer ပေါင်းတဲ့ လွယ်ကူ နည်းပညာတွေ ပေါ်လာရင် လူတိုင်း fan-made စူပါဟီးရိုးကားတောင် ရိုက်လာနိုင်မှာ။

အသုံးပြုသူအတွက် ဆက်တီထွင်ဖို့

အဆက်မပြတ် တီထွင် ဖန်တီးဖို့လို့ ဆိုတဲ့နေရာမှာ user တွေရဲ့ အတောမသတ်နိုင်တဲ့ လိုအပ်ဆန္ဒ၊ လက်ရှိ user တွေရဲ့ Pain Point, ဆန္ဒမပြည့်ဝတဲ့ အချက်တွေ၊ Feature တွေ၊ ဒါတွေကို competitor အချင်းချင်းကလဲ စောင့်ကြည့်ကြသလို နောက်တက်မယ့် လူသစ်တန်း startup တွေကလဲ ထကန်ဖို့ အသင့်။

ဒါကြောင့် Facebook တိုိ့လို တကယ့် platform အကြီးကြီးလဲ ကြောက်နေရပါတယ်။ Hardware မှာ limitation ရှိနေရင်တောင် software မှာ Limitation သိပ်မရှိနေဘူး။ ဒါပေမယ့် ဒီနှစ်ခုကို combine လုပ်ပြီး ချပြမယ့် product ကတော့ အကန့်အသတ်အမြဲ ရှိတယ်။

software က hardware ရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုရတဲ့အခါ သက်ဆိုင်ရာ permission လိုတတ်တယ်။

permission တွေ အများကြီးပေးလိုက်ရင် လုံခြုံရေး ထိခိုက်မှာကိုလည်း စိုးရိမ်ကြတယ်။ ဆိုတော့ ရှိနေတဲ့ Standard permission ထဲမှာ ဘာကို အကောင်းဆုံး ချပြနိုင်မလဲဆိုတာက အဓိကကျတယ်။ MSQRD ဆိုတဲ့ App ပေါ်ပြီး ကင်မရာဖွင့်တာနဲ့ filter လေးပေါင်းပြီး အရုပ်မျိုးစုံနဲ့ ပေါ်စေတယ်။

ဒါကြောင့် product တစ်ခု ဖန်တီးရင် ဒီ Product ရဲ့ အသုံးဝင်မှုက တစ်စုံတစ်ခုကို အထောက်အပံ့ပြုစေရန် မျှသာဖြစ်တယ်ဆိုတာ သိရင် strategy ကို ပိုစဉ်းစားလို့ရတာပေါ့။ body frame ပဲထုတ်နေရင် ကားတစ်စီး မဖြစ်ဘူး။ ကားတစ်စီးလုံး ထုတ်နေတဲ့သူက ကားမီးလုံးလှတာတွေ့ရင် အဲဒီ မီးလုံး company ဝယ်ပြီးတော့ integrate လုပ်သွားလို့ ရတယ်။

ဖန်တီးထားတာကို ဘယ်သူနဲ့ မျှဝေမလဲ

အခြေခံ concept ကတော့ လူတွေရဲ့ show off လုပ်ချင်တဲ့ mindset ကို လိုက်ပြီး ဖန်တီးပေးနိုင်ဖို့လဲ လိုအပ်ပါတယ်။ လူတွေဟာ တစ်ခုခုကို ဖန်တီးတယ်ဆိုတာ ကိုယ်တိုင်အလှကြည့်ဖို့ချည်း မဟုတ်ဘူး။ လူတိုင်းကို မပြချင်ရင်တောင် သူပြချင်တာ တစ်ယောက်ယောက်တော့ ရှိမှာပဲ။

ကိုယ်ဖန်တီးထားတာကို ဘယ်သူ့ကို ပြမလဲ၊ ကိုယ့်အတွက်ပဲ သိမ်းထားမလားဆိုတဲ့ ရွေးချယ်ခွင့် ပေးထားတာလည်း အသုံးဝင်တယ်။ တီထွင်ဖန်တီးမှုတိုင်းကလည်း Reason ကောင်း ရှိနေရမယ်။

လူသားရဲ့ လိုအပ်ချက်ကို အဆက်မပြတ် ဆည်းပူးပြီး Technology နဲ့ အမှီလိုက်နိုင်ရင် အောင်မြင်မယ့် ကုန်ပစ္စည်းတစ်ခု ကောင်းကောင်းထွက်မှာပါ။

အော် ဒါနဲ့ တစ်ချိန်တုန်းက နီပေါက လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးတယ်။ သူ့နည်း သူ့လမ်းနဲ့ web browser မှာ အောက်ကို scroll လုပ်လိုက်ရတဲ့ စာမျက်နှာအရှည်ကိုပါ screenshot ရိုက်ပေးနိုင်တဲ့ application တစ်ခု ရေးတယ်။ သူကတော့ supplement/ accessory product လုပ်ခဲ့သူလိုမျိုးပေါ့။

နည်းပညာခေတ်ကြီးထဲမှာ ဘာမဆို ဖြစ်နိုင်တယ်ဆိုတာ မိတ်ဆွေ ယုံလိုက်ပါ။